Tuesday, September 12, 2006

“ဆည်းဆာ ရဲ့ လူ”

နေထွက် ခဲ့ ရာအရပ် က

အရာအားလုံး ထက် အနူးညံ့ ဆုံးအပြုံးတွေ လဲ

ဆွဲဆောင် မှု့  ကင်းမဲ့လောက်အောင်

ငါ့မျှော်လင့်ခြင်း တွေစွန်း ထင်ခဲ့ရတယ်

ကောင်းကင်ရဲ့  အတ္တနဲ့ မြေပြင်ရဲ့  မာန

ယှဉ်ပြိုင်မှု့ တဖက်သတ်မှာ

မွမွကြေခဲ့တာ ငါတို့ ရဲ့ အချစ်တွေပေါ့

ဒီလိုနဲ့  ….. ကွဲကြေမှု့ ရင်ခွင်အောက်

အချစ်တွေ တစ်စဆီပြန် ကောက်ရင်း

ဒဏ်ရာ အနာတရနဲ့ ညဆည်းဆာ အဟောင်းတွေ

ငါ နေ၀င်မဲ့ အရပ်မှာ စောင့်ကြို နေကြတယ် ။

Wednesday, August 30, 2006

Tuesday, August 08, 2006

တစ်ခါကဖြစ်ပါသည်

ဆယ်နှစ်နီးပါးကာနေပြီဖြစ်တဲ့အတိတ်ကဇတ်လမ်းလေးတစ်ခုပါ

သာမန်နေ့ တနေ့ ပါပဲ ၊

ကောင်းကင်ကြီး ကတော့ ပြာလဲ့လို့  ၊ ရင်ထဲမှာသာ မိုးရိပ်တွေ နဲ့  ကြေကွဲ နေရတာ။ လမ်းနာမည် တပ်မထားတဲ့ မြောက်ဒဂုံက လမ်းအစွန်လေးမှာ ကား ရပ်လိုက်ပြီး လေးလံတဲ့ ခြေလှမ်းတွေနဲ့  ခြံပေါက်ဝ တစ်ခုဆီ လှမ်းလျှေက်ခဲ့တယ် ။

ရင်တွေလဲ တဒိတ်ဒိတ် ခုန်နေတယ် ၊ လူခေါ်ခေါင်းလောင်း ကိုအသာအယာ တီးပြီး ချိန်မှာ တော့ ၊ မမြင်ချင်တဲ့ မျက်နှာရယ် မြင်ချင်နေတဲ့ မျက်နှာရယ် ကိုတပြိုင်ထဲ မြင်လိုက် ရတယ်။ မဖြစ်နိုင်ဘူး ဆိုတာ သိသားနဲ့  အရဲစွန့်  လာခဲ့ပြီး မှတော့ ရင်ဆိုင်လိုက်ဖို့  ဆုံးဖြတ် လိုက်တယ် ၊ မီးဝန်းဝန်းတောက် နေတဲ့ မျက်ဝန်း တစ်စုံနဲ့  သူ့  အဒေါ်ရဲ့ “ ဘာကိစ္စ လဲ ” ဆိုတဲ့ စကား အဆုံး မှာ ကျွန်တော့် ပါးစပ်က တောင်းပန်စကား တွေ တတွတ်တွတ် နဲ့  ခရားရေလွှတ်ပေါ့ ၊ ဘာတွေ ပြောမိ မှန်းတော့ မသိဘူး ၊ ကျွန်တော့် စကားတွေသာ ပုံရိပ် တွေ ဖြစ် သွား ခဲ့ မယ် ဆိုရင် ၊ မျက်ရည် တွေနဲ့  တစ်စုံတစ်ခု ကို အနူးအနွှတ် တောင်းပန် နေတဲ့ ကောင်လေး တစ်ယောက် အသွင်ပြောင်း သွားပါလိမ့်မယ် ။

ကျွန်တော့် စကားတွေ ထဲ မှာ နောက်ထပ် နာရီ အနည်း ငယ် အတွင်း မှာ အဝေးဆုံး တစ်နေရာကို ထွက်ခွာသွား ရတော့မှာပါ ၊ ကျွန်တော့် ချစ်သူ ကို ခဏ လောက် နှုတ်ဆက် ခွင့်လေးတော့ ပေးပါ လို့  တောင်းပန် နေတာ ပါ။ ကျွန်တော် သူ့ ကိုလှမ်းမြင်နေရတယ် ၊ ဒါပေမယ့် သံတခါးကြီး ရယ် ၊ မကောင်းဆိုးရွား ကြီးလို တင်းမာ နေတဲ့ သူ့ အဒေါ် ရယ် က ကာဆီးနေတယ်။ အိမ် အ၀င် လှေခါးတစ်လေးမှာ သူ့ ကိုယ်လေးကိုတစောင်း ထိုင်လို့  လက်ဝါး နှစ်ဖက်ကလဲ မျက်နှာကိုအုပ်လို့  ၊ သူငိုနေတာ မမြင်အောင် ရှည်လျှား နက်မှောင် တဲ့ သူ့  ဆံနွယ်တွေ နဲ့ ကာထားတယ်။ သူတို့ တွေ အဲ့ဒီလောက် အထိ မရက်စက်သင့်ပါဘူး ၊ ကျွန်တော်တို့ မိုက်မဲ ခဲ့တာ မှမဟုတ်တာ ၊ အချစ်ဆိုတာ ပိတ်ပင် တားဆီး လိုရတဲ့ အရာလဲ မဟုတ်ဘူး ။

မြိုသိပ်ရ မှုတွေများ လွန်းလို့  ရင်တွေလဲ ဆူညံ ပေါက်ကွဲနေပြီ ၊ ဒါပေမယ့် ဒီမွန်းကြပ်မှုတွေအပေါ် ဘာများတတ်နိုင် ဦးမှာ လဲ၊ မည်းနက် တဲ့ တိမ်ရိပ်တွေ သာ ကျွန်တော့ အပေါ်မှာကြီးစီုး လို့ ၊ အတီးကျန်ဆန်တဲ့ ၀မ်းနည်းမှု့ ကနေရာယူ ထားနှင့်ပြီ ။

ကျွန်တော့ စိတ်တွေဟာ လဲကြိုးပြတ် နေတဲ့စွန်တကောင် လို တွယ်ရာ မဲ့စွာမျော် လွင့်  လို့ ၊ ဆီုးရွားတဲ့ဒဏ်ရာ ဒဏ်ချက်တွေကြောင့် အသည်းနှလုံး တစ်စုံ ဟာလဲ တဆတ်ဆတ်တုန်ခါနေတယ်၊ ကျွန်တော် ထိန်းချုပ် မထားပါဘူး ၊ ဒါပေမယ့် မျက်ရည် မကျခဲ့ ဘူး ၊ ငိုနိုင်ဖို့ ဆိုတဲ့ ခွန်အားဆိုတာ ကျွန်တော့ မှာမရှိ ခဲ့ဘူး ၊ရင်ထဲက ပူလောင်မှု့ တွေ ဟာ ကျွန်တော့ မျက်ရည် တွေကိုခန်းခြောက် သွားစေနိုင်တယ် ထင်ပါရဲ့  ၊ ရုတ်တရပ် ကြီး ပတ်ဝန်း ကျင်ဟာ ဆိတ်ငြိမ် သွားတယ် ၊ ကျွန်တော် မြင်နေရတာ သူ့  တစ်ယောက်ထဲ ၊ ကျွန်တော့် နားမှာ ကြား နေရတာ သူ့ ရှိုက်သံ ၊ ကျွန်တော် ထိ တွေ့  ခံစား နေရ တာ သူ့ မျက်ရည် ၊ အိမ်မက်သာ ဖြစ်ပါစေ လို့  အကြိမ်ကြိမ် ဆုတောင်းရင်း ကိုယ့်ကိုကိုယ် လှုပ်နှိုး ဖို့ ကြိုးစားပေမယ့် လဲ ဘယ်လိုမှ မအောင်မြင်နိုင်ခဲ့ဘူး ။ သည်းမခံ နိုင်တော့ တဲ့အဆုံးမှာ လှည့်ထွက် လိုက်ဖို့  စိတ်ကိုဒုန်းဒုန်းချ လိုက်တယ် ။ ဖြစ်လာခဲ့သမျှ ကို ကံကြမ္မာ ကိုသာ ယိုးမယ်ဖွဲ့  ကာ ကျွန်တော် ဘာကိုမှ ဆက်မပြောတော့ပဲ မျက်နှာ တဖက်လွှဲ လို့  လာရာ လမ်းကိုပြန်ခဲ့တယ်။ အသိစိတ်နဲ့ ခန္နာကိုယ် ဟာတစ်ထပ်ထဲ မကျတော့သလိုပဲ၊ ချစ်တတ်တဲ့ အသဲနှလုံး ခံစားတတ်တဲ့ အသိဥာဏ်တွေ ဟာလဲ သူ့ နဲ့ အတူ ကျန်ခဲ့ပြီ

ထင်ပါရဲ့ ။

လေဆိပ်ကိုဦး တည်သွားနေ တဲ့ အပြန်လမ်းပေါ်မှာ ကျွန်တော် ဟာသံပတ်ပေးထား တဲ့အရုပ် တစ်ရုပ်ထက်ပိုလို့  အသိဥာဏ်မရှိ ခဲ့ဘူး ။ လောင်းကျွမ်း မှု့  တွေနဲ့ ကိုယ်ခန္နာကိုထမ်းပိုး ထားတဲ့ ခြေအစုံ ဟာ လေဆိပ်ခန်းမ ထဲက ကောင်တာကို အဖြတ်မှာ သူငယ်ချင်းတွေဆီ လက်ပြနှုတ်ဆက်ရင်း “ သူ့ ကိုဂရုစိုက်လိုက်ကြပါ ” လို့  တပိုင်းတဆ ဆို့ နင့်စွာနဲ့  ကျွန်တော် အသံ မထွက်နိုင်ပဲ ပြောခဲ့တယ် ၊ သူ များအပေါက်ဝ မှာလာများ နှုတ်ဆက် လေမလားဆိုတဲ့ မျှော်လင့်ချက် လေးတစွန်းတစ နဲ့ ကျွန်တော့် ဆန္ဒတွေ မပြည့် ဝ ခဲ့ပါဘူး ။

ကျွန်တော် မမြင်မိခဲ့ ပါဖူး ဘ၀ တဆစ်ချိုးဆိုတဲ့ အရာကြီး ဟာ ချစ်သူ နှစ်ဦး ကို အဝေးဆုံး အစွန်း တဖက်ဆီသို့ တွန်းပို့ ပေးခဲ့တယ်ဆိုတာကို ……… ။ ။

“ မျက်ရည်ညများ ရဲ့ နိဂုံး ”

လမင်းလေးရယ်……… ငါဟာ ရေခဲမြစ် တွေရဲ့ အလယ်မှာ ရေငတ်နေသူ တစ်ယောက်ပါ ။

ည ၁၂း၀၀

“ တီ…တီ….တီ ”

ဖုန်းမြည်သံ က အထီးကျန်ဆန်ဆန် တိတ်ဆိတ်နေ တဲ့ ည မှာ စူးရှ စွာ ထွက်ပေါ် လာတယ် ။ ပိတ်လှောင် မွန်းကျပ် နေတဲ့ အခန်းထောင့် တစ်နေရာ မှ သူ ကမမ်းကထမ်း ထကာ ဖုန်းကိုကောက် ယူလိုက်သည်။ မပီမသ အသံတချို့ နှင့် ကလစ်ဆိုသည့် အသံ နဲ့ အတူ ဖုန်းကျ သွားသည်။ ဒီလိုနဲ့  ဖုန်းလိုင်း ကျသွား ခဲ့တာ ဒါပါနဲ့  ဆို တတိယအကြိမ် ရှိပြီ ၊ ဖုန်းဟောင်းလေးကို မပီမသ ကျိမ်ဆဲ လိုက်ပြီး ဆောက်တည်ရာမဲ့ လှုပ်ရှားနေတဲ့ သူ့ စိတ်တွေ ငြိမ်သွားအောင် ရေခဲ သေတ္တာ ထဲက ပုလင်းတစ်လုံးကို အဖုံး ဖွင့်လို့  တရှိန်ထိုး မော့ချ လိုက် သည်။ ပူလောင်ပြင်းပြစွာ ရွှေအိုရောင်တောက်ပ နေတဲ့ အခါးရည်တွေ ဟာ သူ့ လည်ချောင်းထဲ သို့ စီးဆင်း သွားတယ် ။ ဒါပေမယ့် သူ့  ရင်ထဲကခါးသက်မှု့ တွေကိုတော့ မှီနိုင် လိမ့်မယ်မထင်ပါဘူး ။

အပြင်မှာနှင်းတွေ ကပိုလိုတောင် သည်းလာနေတယ် ၊ သူ မှောင်ရိပ် မှာ တိတ်တဆိတ် ထိုင်နေရင်း နေ့ လည်ကခေါ်တဲ့ မိုင် ၅၀၀ လောက်ဝေး တဲ့ နေရာ က သူ့  ချစ်သူရဲ့  စကားသံတွေ ပြန်လည် ကြားယောင်နေ မိတယ်။ သူ့ ချစ်သူကပြောတယ် သူ့ အဖေ နဲ့  အမေက သူ့ ကိုတောင်အသိမပေးပဲ လူကြီး ချင်း သဘောတူ ထားသူ နဲ့ နေရာ ချထား ဖို့ စီစဉ် ပြီးပြီ တဲ့ ၊ ဒီည မှာ ဆုံးဖြတ် ပြီး ပြောမဲ့ စကားတွေဟာ သူတို့ နှစ်ယောက်လုံးရဲ့ ရှေ့  ရေးပဲ တဲ့ ၊ သူ့ နားထဲမှာ ဒီစကားတွေက အပြန်ပြန် အလှန်လှန်ပဲ့ တင်ထပ်နေလေရဲ့ ။ သူ့  ချစ်သူ က ဘာဆုံးဖြတ်မလဲ ၊ သူရှေ့ ဆက် လို့ ဘာလုပ်ရမလဲ ၊ ရီဝေတဲ့ အတွေး များနဲ့  သူ့  မျက်ဝန်း မှာ မိုးတွေ ရွာလာ ခဲ့တယ် ။

လမင်းလေးရယ်……… ငါ့ဘ၀ ဟာမင်းငုံ့  ကြည့်မှ မြင်ရမှာ ပါ ။

ည ၁း၀၀

နှင်းတွေက ရပ်မသွား တဲ့ အပြင် အအေးဓတ်က ပိုလို့ တောင် ကဲလာသေးတယ် ။ အပြင်မှာ တစ်စီးတစ်လေ ဖြတ်သွားတဲ့ ကားသံမှ တပါး တိတ်ဆိတ်မှုက အကျည်းတန် လွန်းလှတယ် ၊ အသိစိတ် ကင်းမဲ့နေတဲ့ မျက်ဝန်း တစ်စုံ နဲ့ အခန်းကျဉ်း ကလေး ရဲ့ ချောင် တစ်နေရာမှာသူ တစ်ယောက် ထဲ ကြေကွဲ နေလေရဲ့ ၊ သူစောင့်စား နေတဲ့ ဖုန်းဟောင်လေး ဟာလဲ အသံမြည်ဖို့ မေ့လျော့နေ ထယ်၊ သူ ဟာ ဖုန်းဘေးနား မှာအမြစ် တွယ်နေတဲ့ ခြေအစုံ ကို လှုပ်နှိးလို့ အိပ်ခန်းထဲ က ဂစ်တာ အိုကို သွားယူ ဖို့ စိတ်ကူး လိုက်တယ် ။

သူ့ ရဲ့ ရင်ကွဲနာ ကျသံ ကြီးနဲ့  သီချင်းဟောင်း တစ်ပုဒ်ကို ဆိုညည်းဖို့  ကြိုးစား နေဆဲမှာ “ ထောင်း ” ကနဲ ဆိုတဲ့ အသံနဲ့ အတူ သူ့ ရဲ့ ဂစ်တာ ကြိုး လေးပြတ်သွား ခဲ့ တယ် ။

ထိန်းချိုပ် ထားတဲ့ သူ့ စိတ်တွေ မုန်တိုင်းတစ်ခုလို ပေါက်ကွဲ ထွက်သွားပြီး ဂစ်တာအို ကိုနံရံ ဆီသို့ ပြစ် လွှဲလိုက်ဖို့ ရည်ရွယ် ပြီးမှ ၊ ဂစ်တာ လက်ကိုင်စွန်း လေးမှာ ရေးထားတဲ့ “ မောင့်အတွက်…” ဆိုတဲ့ စာသားလေး ကိုမြင်တော့ မှပြန့် လွင့်နေ တဲ့သူ့ စိတ်တွေကို မနဲစုစည်း လိုက်ရတော့သည်။ ၀မ်းနည်းမှု့ ရယ် ၊ အားငယ်မှု့ ရယ် က တဖက်သက်ဖိနှိပ်ခံထားရ တဲ့သူ ဟာအရုပ် ကြိုး ပြတ်စွာပဲ ဂစ်တာအိုကို ရင်ခွင်မှာ

ပိုက်လို့ ရှိုက် ကြီးတငင် ငို့ရှိုက်နေမိတော့တယ် ။

လမင်းလေးရယ်………မင်းသာ မီးအိမ်လေး ဆိုရင် ငါဟာ မီးကိုတိုး တဲ့ ပိုးဖလံတစ်ကောင် ပေါ့ ။

ည ၃း၀၀

ပြတင်းပေါက်ကျဉ်းကျဉ်းလေး တစ်ခုနဲ့ အခန်းငယ်လေး ၊ ချောင်တနေရာ မှာလူတစ်ယောက် ၊ ပြန့် ကျဲ နေတဲ့ ပုလင်းလွတ်တွေ ကြားမှာ ဂေါင်းငိုက်စိုက် နဲ့ ၊ ကြိုး ပြတ် နေတဲ့ ဂစ်တာအို လေးဟာ သူ့ နဘေးမှာ အသက်မဲ့ စွာ လဲလျောင်းနေ တယ် ။

တိတ်ဆိတ်မှု့ ကိုဖောက်ခွဲ ပြီး ၊ ဖုန်ုးသံမြည်လာတယ် ၊ ဖုန်းကို လှန်းကိုင်လိုက်ပေမဲ့ နောက်တစ်ကြိမ် ထပ်မမြည်လာတော့ဘူး ။ သူနာရီကို မော့ ကြည့် လိုက် တော့ ၃း၁၅ ၊ တစ်ချက်ချက်နဲ့ နာရီ မြည်သံ က သူ့ ကို မကောင်းဆိုးရွား တစ်ကောင်က ခြောက် လှန့် နေသလိုပဲ ။ သူလိုက်ကာ ကိုအသာအယာ မလို့ အပြင်ကိုလှမ်းမျှော်ကြည့်  လိုက်တယ် ။ နှင်းမှုန်တွေထူထပ်သိပ်သည်းစွာ ကျနေလို့ အပြင်ကိုမြင်ရ တာ သူ့  အတွက်ဝိုးတ၀ါး ရယ်ပါ ။ ဟိုး အဝေးက မီးရောင်လေး တလက်လက်နဲ့ ကားတစ်စီး အရှိန်ပြင်း ပြင်းနဲ့  မောင်းလာတာကို မြင်လိုက်ရတယ် ။ သူ ကြည့်လို မဆုံးသေး ဘူး အဲဒီကား ဟာ နှင်းတွေကြောင့် လမ်းချော် ပြီး တစ်ဖက်မှာ ရှိတဲ့ ဓာတ်တိုင် ကိုဝင်တိုက်သွား တာတွေ့  လိုက်ရတယ် ။ သူအပြင်ထွက် ပြီးကူညီ မှသင့်လျှော် မယ်လို့ ဆုံးဖြတ်ပြီး အပေါ်ဝတ်အနွေး ထည်ကို ကမမ်းကတမ်းယူပြီးတော့ လက်နိုပ်ဓတ်မီး ကိုလဲမနဲရှာ ရသေးတယ် ။

ညကတော့ အပြင်မှာအိပ်မောကျ လို့ နေတယ် ။ နှင်းတွေကတော့ အဆက်မ ပြတ်ကျနေတုန်းဘဲ ။ မီးတိုင်က အလင်းမရှိတော့ သူ့ လက်နိုပ်ဓတ်မီး လေးအားကိုး နဲ့  အမှောင်ထဲကိုစွတ်တိုး ၀င်ခဲ့တယ် ။ ရှေ့ တစ်ခြမ်းလုံးရ စရာမရှိအောင် ကြေမွနေ တဲ့ကား အဖြူလေးနားရောက် တော့ သူ့ စိတ်ထဲမှာ ဒီကားကို မြင်ဖူး ပါတယ်လို့ ထင်မိပါတယ် ၊ ကားတံခါး ကို ဆွဲဖွင့်ဖို့ ကြိုးစားရင်း သူမြင်လိုက်ရတာက ဆံနွယ် ရှည်ရှည်လေး နဲ့  မှောက်ရက်လဲနေတဲ့ မိန်းကလေးတစ် ယောက်၊ သူရင်တွေ တဒိန်းဒိန်း ခုန်နေတယ် ၊ သူဝယ်ပေး ခဲ့ဖူး တဲ့အနက်ရောင် ဂျာကင်လေး ၀တ်ထားတဲ့ သူ့ ချစ်သူ မိန်းကလေး ၊ သူ့  အသက်ရှုသံတွေ ရပ်တံ့သွားတယ် ၊ သူ့ အတွက်ကမ္ဘာ ကြီးကချာချာ လည်သွားခဲ့ပေါ့ ၊ ဆွဲထူပွေ့ လိုက်ချိန်မှာ တော့ သူ့ ချစ်သူလက်ထဲက ထွက်ကျလာတဲ့ သွေးစွန်း နေတဲ့ စာလေး တစ်စောင် ၊ တုန်ရီ နေတဲ့ လက်တစ်စုံနဲ့ အတူ စာကိုဖတ်ပြီး ချိန်မှာတော့ သူဟာ အရှုး တစ်ယောက်လို အော်ဟစ်ပြီး လမ်းမ ဖက်ဆီသို့ ပြေးထွက် ခဲ့တယ် ၊ သူ့ အတွက် အရာရာဟာ နောက်ကျ လို့  နေခဲ့ ပြီ ၊ ဗလောင်ဆူနေ တဲ့သူ့ ရင်ထဲက အပူတွေဟာ မျက်ရည်တွေ အဖြစ်နဲ့  ချော်ရည်ပူ တွေလို အဆက်မပြတ် စီးဆင်း နေတယ် ။ နောက်ဆုံး သူမြင်လိုက်ရတယ် ၊ စူးရှတောက်ပ စွာနဲ့  တဖြည်းဖြည်းနီး ကပ်လာတဲ့ မီးလုံးကြီးနှစ်လုံး ၊ သူကြားလိုက်ရ တဲ့ ဟွန်းသံရှည် ကြီးနဲ့  အရိပ်မဲကြီးတစ်ခု………..။

လမင်းလေးရယ်……… ငါအလင်းတန်းတွေကိုမြင်နေရတယ်၊ အလင်းတန်းတွေရဲ့ အဆုံးမှာ ငါမင်းကို ဆုံနိုင်ကောင်း ပါရဲ့  …….

စာကြွင်း ။ ။ သူနောက်ဆုံးဖတ်လိုက်ရ တဲ့စာလေးကျွန်တော့်ဆီ မှာရထားပါတယ် ။ အကယ်၍များ သိချင်စိတ်လေး များရှိခဲ့ ရင် tekong@gmail.com သို့ စုံစမ်း မေးမြန်းနိုင် ပါတယ် ။

Test